တာမွေတွင် YBS ဘရိတ်ပေါက်၍ ယာဉ် ၁၃ စီးခန့် ဆင့်တိုက်မှု ဖြစ်ပွား

ရန်ကုန်မြို့၊ တာမွေမြို့နယ် သဗိန်ဗရမ်းလမ်းရှိ တာမွေဗလီမှတ်တိုင်အနီးတွင် မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က YBS ယာဉ်တစ်စီး ဘရိတ်ပေါက်မှုကြောင့် ယာဉ်များ ဆင့်တိုက်သည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ YBS 144 ယာဉ်တစ်စီးသည် ကြက်ဘဲဈေးဘက်မှ တာမွေအဝိုင်းဘက်သို့ မောင်းနှင်လာစဉ် ဘရိတ်ပေါက်သဖြင့် တာမွေမီးပွိုင့်အနီး မီးပွိုင့်စောင့်နေသည့် ယာဉ်များကို ဆက်တိုက်ဝင်တိုက်ကာ စုစုပေါင်း ယာဉ် ၁၃ စီးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်သတင်းရရှိပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) ဒုတိယဥက္ကဋ္ဌ ဦးဝင်းသူ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်အတူ “မေတ္တာမျှဝေ”၊ “မေတ္တာ၊စေတနာ၊ဒါန၊ကူညီ”၊ “KMG Rescue”၊ “တာမွေကွန်ယက်” စသည့် လူမှုကူညီရေးအသင်းများ ပူးပေါင်းကာ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။

ယာဉ်များထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားထားပါတယ်။ အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။
ဓာတ်ပုံ - YRO
