အိန္ဒိယတွင် သဲမုန်တိုင်းပြင်းထန်စွာတိုက်ခတ်

အိန္ဒိယနိုင်ငံ ရာဇသန်ပြည်နယ်တွင် မေ ၃၁ ရက်က အနောက်ဘက်လေဖိအားအပြောင်းအလဲ၏ သက်ရောက်မှုကြောင့် သဲမုန်တိုင်းပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီး ခရိုင်အများအပြားတွင် ဖုန်မှုန့်တိမ်များ ဖုံးလွှမ်းကာ မြင်ကွင်းရှင်းလင်းမှု သုညနီးပါးအထိ လျော့နည်းသွားခဲ့ကြောင်း သိရသည်။
ချူရူး၊ ဘီကာနာ၊ ဟန်နုမာန်ဂါ၊ သီရီဂန်ဂါနဂါး၊ နာဂေါ၊ ဒစ်ဒဝါနာ-ကူချာမန်၊ အယ်လ်ဝါနှင့် စီကာခရိုင်များတွင် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ဂျိုင်ပူရ်မြို့တွင်လည်း လေပြင်းများတိုက်ခတ်ပြီးနောက် မိုးရွာသွန်းခဲ့သည်။
အထူးသဖြင့် ဘီကာနာမြို့တွင် သဲနှင့်ဖုန်မှုန့်ထူထပ်သော တိမ်တိုက်ကြီးများ မြို့ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းသွားပြီး နေ့ခင်းဘက်အချိန်၌ပင် အမှောင်ကျသကဲ့သို့ ဖြစ်ပေါ်ခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုများတွင် အဝါရောင်သဲတိမ်ကြီးများ မြို့ဘက်သို့ ရွေ့လျားဝင်ရောက်လာသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။
သဲမုန်တိုင်းကြောင့် လမ်းမများပေါ်တွင် မြင်ကွင်းရှင်းလင်းမှု ဆိုးရွားစွာ ကျဆင်းသွားခဲ့ပြီး ယာဉ်မောင်းများသည် နေ့ခင်းဘက်တွင်ပင် မီးဖွင့်မောင်းနှင်ခဲ့ရသည်။ ဟန်နုမာန်ဂါနှင့် သီရီဂန်ဂါနဂါးဒေသများတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၅၆ ကီလိုမီတာခန့်အထိ ရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောသည်။
လေပြင်းများကြောင့် စျေးဆိုင်များ အလျင်အမြန်ပိတ်ခဲ့ရပြီး လမ်းသွားလမ်းလာများလည်း အဆောက်အအုံများအတွင်း ဝင်ရောက်ခိုလှုံခဲ့ကြရသည်။ ထို့ပြင် သစ်ကိုင်းများ ကျိုးကျခြင်းနှင့် နေရာအချို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများလည်း ဖြစ်ပွားခဲ့သည်။
သို့သော် သဲမုန်တိုင်းနှင့်အတူ ရွာသွန်းခဲ့သည့် မိုးကြောင့် ရက်အတော်ကြာ ကြုံတွေ့နေရသည့် အပူလှိုင်းဒဏ် လျော့ပါးသွားခဲ့ပြီး ဒေသခံများအတွက် အပူသက်သာမှုတစ်ရပ် ရရှိစေခဲ့ကြောင်း သိရသည်။
