ဘင်္ဂလားပင်လယ်အော်က လေဝဲစနစ် အားကောင်းသည့် မုတ်သုံမုန်တိုင်း ဖြစ်လာနိုင်
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဝဲစနစ်ဟာ မြန်မာနိုင်ငံကို ကန့်လန့် ဖြတ်သန်းမဲ့ အားကောင်းတဲ့ မုတ်သုံမုန်တိုင်းအသွင်နဲ့ ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
အားကောင်းတဲ့ မုတ်သုံမုန်တိုင်းဟာ မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်းကတဆင့် ကုန်းတွင်းပိုင်းကို တိုက်ရိုက်ဝင်ရောက်ကာ ကုန်းတွင်းကို ကန့်လန့်ဖြတ်ပြီး မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားမယ်လို့ ဆိုပါတယ်။
ဦးဝင်းနိုင်က “ကုန်းပေါ်မှာဖြတ်သွားမဲ့ပုံစံ ဖြစ်ပြီးတော့ ပင်လယ်မှာ ဖြစ်၊ မဖြစ်ကို မသိရသေးတဲ့အတွက် စောင့်ကြည့်နေပါတယ်။ ကုန်းပေါ်မှာဖြစ်တာကလည်း ခန့်မှန်းဖို့ တော်တော်ခက်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာကတော့ မမှားပါဘူး။ ကုန်းတွင်းကို ဖြတ်တဲ့အခါ ရက်ဆက်မိုးကြီးတာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုမဲ့ ဘေးအန္တရာယ်တွေကို မလွဲမသွေ ကြုံတွေ့ရနိုင်တယ်” လို့ ပြောပါတယ်။
မေ ၃၀ ရက်က စတင်ပြီး သက်ရောက်မှုရှိနိုင်တဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ ရေဘေးကင်းလွတ်ရာ နေရာတွေ ပြင်ဆင်ထားဖို့၊ အရေးပေါ်သောက်သုံးရေ သိုလှောင်ဖို့နဲ့ ဘေးကင်းလုံခြုံရေး ပိုစတာတွေနဲ့ ကြိုတင်သတိပေး နှိုးဆော်တာတွေကို ဒေသအလိုက် အရှိန်အဟုန်မြှင့် လုပ်ဆောင်ထားသင့်တယ်လို့ ဆိုပါတယ်။
မေ ၃၀ ကနေ ၃၁ ရက်အတွင်း ဗဟိုချက်ဖြစ်တဲ့ ဧရာဝတီတိုင်းက ကမ်းရိုးတန်း သို့မဟုတ် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွနဲ့ သံတွဲမြို့တွေအနီးကို ဦးတည်ပြီး အားအကောင်းဆုံးအဖြစ် တိုက်ရိုက်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
ဇွန် ၁ ရက်နေ ၂ ရက်မှာတော့ ကုန်းတွင်းပိုင်းကို ရောက်ရှိလာပြီး ပဲခူးတိုင်း၊ ရခိုင်ရိုးမတလျှောက်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း (နေပြည်တော်၊ မန္တလေး၊ မကွေး) ဘက်တွေကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။
ဇွန် ၃ ရက်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်း (စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း) တွေကို အားပျော့တဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားပြီး ပျက်ပြယ်သွားနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
