တောင်ကိုရီးယားက မြန်မာလုပ်သား ၁၅၀ နီးပါးလုပ်ကိုင်နေသည့် ကားစက်ရုံ မီးလောင်

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာအလုပ်သမား ၁၅၀ နီးပါးလုပ်ကိုင်နေတဲ့ ကားစက်ရုံတခု မေ ၂၄ ရက် ဒီမနက်ပိုင်းက မီးလောင်နေတယ်လို့ အဲဒီအနီးဝန်းကျင်မှာ ရောက်ရှိနေသူတွေက ပြောပါတယ်။
ချွန်ချောင်းတောင်ပိုင်းပြည်နယ်၊ ဆောဆန်မြို့က CREA ကားစက်ရုံ မီးလောင်တာဖြစ်ပြီး လုပ်ငန်းခွင်ထဲက မြန်မာလုပ်သားတွေ အထိအခိုက်နဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးဘူးလို့ တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က အသိပေး ပြောဆိုထားပါတယ်။
မီးလောင်နေတဲ့ ကားစက်ရုံအနီးမှာရှိနေတဲ့ မြန်မာလုပ်သားတယောက် ရိုက်ထားတဲ့ ဗွီဒီယိုထဲမှာ စက်ရုံအတွင်း မီးလောင်နေပြီး မီးခိုးလုံးတွေ တက်နေတာတွေ့မြင်ရပါတယ်။
စက်ရုံခြံဝင်းအပြင်နဲ့ အတွင်းထဲမှာ မီးသတ်ကားအများအပြား ရောက်ရှိနေပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက ကြိုးစာငြှိမ်းသတ်နေတာကိုလည်း ရုပ်သံမှာ တွေ့ ရပါတယ်။
လူမှုကွန်ရက်အသုံးပြုသူတွေက မီးအမြန်ငြှိမ်းဖို့နဲ့ မြန်မာအလုပ်သမားတွေ အန္တရာယ်ကင်းဖို့ ဆုတောင်းမှတ်ချက်ပေးနေကြပါတယ်။
