ဘန်ကောက်တွင် ကလေးများကို အလုပ်ခိုင်း၍ ရို က်နှ က်နှိ ပ်စက်ခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကလေးငယ်များကို ပန်းနှင့် သကြားလုံးများ ရောင်းချခိုင်းကာ အရောင်းပမာဏ မပြည့်မီပါက ရိုက်နှက်နှိပ်စက်ပြီး အစာငတ်ခံစေခဲ့သည်ဟု စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား ၃ ဦးကို မေ ၂၇ ရက်က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ပြီး ဘန်ကောက်မြို့ စွန်လွမ်ခရိုင်ရှိ နေအိမ်တစ်လုံးတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ရဲချုပ် Sayam Boonsom က ပြောကြားသည်။
အဆိုပါ နေအိမ်အတွင်းမှ လက်မောင်းကျိုးဒဏ်ရာရရှိနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ကလေးငယ် ၅ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ကလေးငယ်များကို နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများရှိရာ နေရာများတွင် ပန်းနှင့် သကြားလုံးများ လိုက်လံရောင်းချရန် အတင်းအကျပ်ခိုင်းစေခဲ့သည်ဟု ဆိုသည်။
ကလေးများက သတ်မှတ်ထားသည့် အရောင်းပမာဏ မပြည့်မီပါက ရိုက်နှက်ခြင်းနှင့် အစာမကျွေးဘဲ အငတ်ခံစေခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကယ်ဆယ်ခဲ့သည့် ကလေးငယ်များမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားနောက်ခံမှ ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က လူကုန်ကူးမှု၊ ကလေးအလုပ်သမား ခိုင်းစေမှုနှင့် ကလေးညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေများဖြင့် ဆက်လက်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
