မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (Call Center) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၈ ဦးကို လုပ်ငန်းသုံး ဆက်သွယ်ရေးပစ္စည်း အမြောက်အမြားနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
မေလ ၂၈ ရက် ညနေပိုင်းက မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် တရားမဝင် တရုတ်နိုင်ငံသားအချို့ ခိုအောင်းနေပြီး အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝင်ရောက်စီးနင်းရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၅ ဦးနှင့် မြန်မာနိုင်ငံသား ၂၃ ဦး၊ စုစုပေါင်း ၂၈ ဦးကို လုပ်ငန်းခွင်အတွင်း၌ပင် လက်ပူးလက်ကျပ် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ စီးနင်းမှုအတွင်း လိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ကွန်ပျူတာ ၁ လုံး၊ လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အသုံးပြုသည့် Power Station အကြီး ၁ လုံးနှင့် အသေး ၁ လုံး, WiFi အင်တာနက်စက် ၃ လုံးအပြင်၊ သွားလာရေးအတွက် အသုံးပြုသည့် ဘတ္ထရီဆိုင်ကယ် ၅ စီးတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့သည် လူမှုကွန်ရက်စာမျက်နှာများနှင့် ဆက်သွယ်ရေးအက်ပ်များကို အသုံးပြုကာ အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို စနစ်တကျ အဖွဲ့အစည်းလိုက် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် ဝင်ရောက်နေထိုင်သူ ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ မြန်မာနိုင်ငံသားများအားလုံးကို မူဆယ်မြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး၊ ဥပဒေကြောင်းအရ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
