ယနေ့ နံနက်ငလျင် ရန်ကုန်ပြည်သူများ သိသာစွာခံစားရ

ယနေ့ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက် နံနက် ၈ နာရီ ၃၅ မိနစ် ၂၃ စက္ကန့်ခန့်တွင် ရန်ကုန်တိုင်းအတွင်း အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ မြို့နယ်အများအပြားတွင် တုန်ခါမှုကို သိသိသာသာခံစားခဲ့ရပြီး ပြည်သူများအကြား ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို လမ်းမတော်၊ လသာ၊ လှိုင်၊ စမ်းချောင်း၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ရန်ကင်း အပါအဝင် ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် ခံစားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ငလျင်ဗဟိုချက်မှာ ရန်ကုန်မြို့မှ ၁၇ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
“ရှေ့နောက်လည်းမဟုတ်၊ တောင်မြောက်လည်းမဟုတ် လည်နေအောင် လှုပ်သွားတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှု သတင်းများကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စောင့်ကြည့်စစ်ဆေးနေကြောင်း သိရသည်။ See less
