Logo
Tuesday, June 2, 2026
Back to Home
International News

မြန်မာအလုပ်သမား၏ ရွှေ ၉ ကျပ်သားကျော်နှင့် ငွေသားများ ထိုင်းစက်ရုံမီးလောင်မှုအတွင်း ဆုံးရှုံး

By AdminMay 22, 2026
မြန်မာအလုပ်သမား၏ ရွှေ ၉ ကျပ်သားကျော်နှင့် ငွေသားများ ထိုင်းစက်ရုံမီးလောင်မှုအတွင်း ဆုံးရှုံး

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ကရသုမ်ဘန်မြို့နယ်ရှိ အလူမီနီယံထုတ်လုပ်ရေး စက်ရုံကြီးတစ်ရုံတွင် မေ ၂၀ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမားတစ်ဦး၏ ရွှေ ၁၀ ဘတ် (၉ ကျပ်သားကျော်ခန့်) နှင့် ငွေသားများ မီးထဲပါသွားကြောင်း သိရသည်။

မီးလောင်မှုမှာ သာဆောဒေသခွဲ၊ ကျေးရွာအမှတ် (၁) ရှိ စက်ရုံအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၁၀ စီးကျော်ဖြင့် အချိန်မီ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ အဆိုပါစက်ရုံမှာ သံချောင်း၊ အလူမီနီယံပြားနှင့် အထူးအော်ဒါ အလူမီနီယံသွန်းလုပ်ငန်းများ ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ဧရိယာ ၁၀ ရိုင်ကျော် (စတုရန်းမီတာ ၁၆,၀၀၀ ခန့်) ကျယ်ဝန်းကာ ဂိုဒေါင် ၄ လုံးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မီးလောင်မှုမှာ စက်ရုံနောက်ဘက်ရှိ စတုတ္ထဂိုဒေါင်တွင် ဖြစ်ပွားခဲ့ပြီး ယင်းနေရာမှာ အလူမီနီယံပြားများ ပုံသွင်းထုတ်လုပ်သည့် ဌာနဖြစ်ကြောင်း သိရသည်။ မီးအရှိန်ပြင်းထန်မှုကြောင့် အဆောက်အအုံအမိုးနှင့် သံဘောင်အချို့ ပြိုကျခဲ့သလို စက်ယန္တရားများနှင့် ထုတ်လုပ်ရေးပစ္စည်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ သို့သော် လူထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါမီးလောင်မှုအတွင်း အကြီးမားဆုံးဆုံးရှုံးမှုမှာ စက်ရုံရှိ မြန်မာကြီးကြပ်ရေးအလုပ်သမားတစ်ဦး၏ ရွှေ ၁၀ ဘတ် (၉ ကျပ်သားကျော်ခန့်) နှင့် ထိုင်းဘတ်ငွေ ၂ သိန်းခန့် မီးထဲပါသွားခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက မီးသတ်တပ်ဖွဲ့ဝင်များအား ၎င်း၏ စားပွဲအံဆွဲအတွင်း သိမ်းဆည်းထားသည့် ရွှေနှင့် ငွေသားများကို ရှာဖွေပေးရန် တောင်းဆိုခဲ့သော်လည်း မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်များအရ မီးမလောင်မီ အလုပ်သမားများက အဆောက်အအုံအပေါ်ပိုင်းတွင် သံဂဟေဆော်လုပ်ငန်း ဆောင်ရွက်နေစဉ် မီးပွားများ ကျရောက်ကာ မီးလောင်လွယ်သည့်ပစ္စည်းများကို ထိမှန်ခဲ့သဖြင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်ချိန်တွင် အလုပ်သမားများ အလန့်တကြား ထွက်ပြေးခဲ့ကြရပြီး မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းချုပ်နိုင်ခဲ့သဖြင့် စက်ရုံတစ်ခုလုံးသို့ မီးမကူးစက်နိုင်ခဲ့ကြောင်း သိရသည်။

Khaosod

#မီးလောင် #ဆုံးရှုံး #သုတမြေ #သတင်းထူးသတင်းဦး