Logo
Monday, May 25, 2026
Back to Home
Local News

ဘဲကျောင်းရင်း ကောက်တွေ့သည့် သိန်း ၁၂၀ ကျော်ကို ပိုင်ရှင်ထံ ပြန်အပ်

By AdminMay 17, 2026
ဘဲကျောင်းရင်း ကောက်တွေ့သည့် သိန်း ၁၂၀ ကျော်ကို ပိုင်ရှင်ထံ ပြန်အပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်း ဘဲကျောင်းနေစဉ် လမ်းဘေးတွင် တွေ့ရှိခဲ့သည့် ငွေကျပ်သိန်း ၁၂၀ ကျော်အား ပိုင်ရှင်အစစ်ထံ ပြန်လည်အပ်နှံခဲ့သည့် ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်ပေါ်တွင် စိတ်ဝင်စားမှုရရှိနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘဲမွေးမြူရေးလုပ်ကိုင်နေသည့် ဆရာတပည့်နှစ်ဦးက လောက်လေးချောင်းလမ်းဘေးတွင် ပလတ်စတစ်အိတ်တစ်ထုပ် ကျနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အစပိုင်းတွင် အမှိုက်အိတ်ဟု ထင်မှတ်ခဲ့သော်လည်း လမ်းသွားလမ်းလာ ဆိုင်ကယ်များ တိုက်မိပြီး အန္တရာယ်ဖြစ်ပွားမည်စိုးသဖြင့် တုတ်ဖြင့် လှမ်းတွန်းကြည့်ရာမှ ငွေသားများ ပါရှိနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင် ကိုကျော်ဇောက ပြောကြားသည်။
ငွေထုပ်တွေ့ရှိပြီးနောက် ပိုင်ရှင်လာရောက်မည်ဟု ယူဆကာ နေရာတွင် ဆက်လက်စောင့်ဆိုင်းခဲ့ကြပြီး ညနေ ၅ နာရီခန့်တွင် ငွေပျောက်ဆုံးသွားကြောင်း လာရောက်ရှာဖွေသည့် အမျိုးသား ၂ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းနောက် ငွေထုပ်အတွင်း ပါဝင်သည့် ငွေပမာဏ၊ ထုပ်ပိုးထားသည့် ပုံစံနှင့် အခြားအချက်အလက်များအား စစ်ဆေးမေးမြန်းခဲ့ရာ အချက်အလက်များ ကိုက်ညီမှုရှိသဖြင့် ပိုင်ရှင်အစစ်ဖြစ်ကြောင်း အတည်ပြုကာ ငွေများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေပိုင်ရှင်များမှာ စပါးရောင်းချပြီး ပြန်လာသည့် လယ်သမားများဖြစ်ကြောင်း သိရပြီး ရရှိသည့်ငွေများကို လယ်ယာစိုက်ပျိုးရေးနှင့် အကြွေးပေးချေရေးအတွက် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့အပြင် ကျေးဇူးတင်သည့်အနေဖြင့် ပိုင်ရှင်ဘက်မှ မုန့်ဖိုးအဖြစ် ငွေကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း သိရပြီး ယင်းငွေကိုတော့ ငွေထုပ်အား စတင်တွေ့ရှိခဲ့သည့် ဝန်ထမ်းနှစ်ဦးအား ဝေမျှပေးအပ်ခဲ့ကြောင်း သိရသည်။ See less