လူ ၁၄ ဦး၏ သေကြောင်းကြံစည်မှုကို ကူညီအားပေးခဲ့မှုဖြင့် စွပ်စွဲခံရသည့် ကနေဒါနိုင်ငံသား အပြစ်ရှိကြောင်း ဝန်ခံ

အွန်လိုင်းပေါ်ကနေ လူသေစေနိုင်တဲ့ အဆိပ်သင့်ဓာတုပစ္စည်းတွေ ရောင်းချပြီး လူ ၁၄ ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၀ အရွယ် ကနေဒါနိုင်ငံသား ကန်နက်သ်လောဟာ သေကြောင်းကြံစည်မှုကို ကူညီအားပေးခဲ့မှုနဲ့ မေ ၂၉ ရက်က တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။
ဒါကြောင့် သူဟာ ပထမအဆင့် လူသတ်မှု တရားရင်ဆိုင်ရမဲ့ အခြေအနေကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။
တရားလိုရှေ့နေတွေကတော့ သူ့ကို ပြစ်ဒဏ်စီရင်ချက် ချပြီးရင် လူသတ်မှု စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ တရားရုံးကို တောင်းဆိုသွားမှာဖြစ်ပြီး၊ ဒါဟာ ရှေ့နေအချင်းချင်း ကြိုတင်သဘောတူညီထားတာလည်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မြောက်ဘက် နယူးမားကက်မြို့က အွန်တေရီယို တရားလွှတ်တော်မှာ ကန်နက်သ်လောဟာ အသက် ၁၆ နှစ်ကနေ ၃၆ နှစ်ကြားရှိတဲ့ ဒေသခံ ၁၄ ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ပထမအဆင့် လူသတ်မှု ၁၄ မှု၊ သေကြောင်းကြံစည်ဖို့ တိုက်တွန်းမှု ဒါမှမဟုတ် ကူညီမှု ၁၄ မှုတို့နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သူဟာ သောကြာနေ့က အပြစ်ရှိကြောင်း ဝန်ခံချက်ပေးချိန်မှာ ဘာခံစားချက်မျှ မပြသခဲ့ပါဘူး။ ကန်နက်သ်လောဟာ ၂၀၂၃ ခုနှစ် မေလက တိုရွန်တိုမြို့အနောက်ဘက်က သူ့အိမ်မှာ ဖမ်းဆီးခံရကတည်းက ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
ကနေဒါရဲတပ်ဖွဲ့ရဲ့ စွပ်စွဲချက်အရ တိုရွန်တိုရှိ ဇိမ်ခံဟိုတယ်တခုမှာ ထမင်းချက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကန်နက်သ်လောဟာ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကစလို့ ဝက်ဘ်ဆိုက်တွေကနေတဆင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရာမှာ သုံးစွဲနိုင်မဲ့ ဆိုဒီယမ်နိုက်ထရိုက်နဲ့ တခြားပစ္စည်းတွေကို စျေးကွက်တင် ရောင်းချခဲ့ပါတယ်။
ဆိုဒီယမ်နိုက်ထရိုက်ဟာ ပြုပြင်ထားတဲ့ အသားတွေကို တာရှည်ခံစေဖို့ အစားအသောက် ဖြည့်စွက်ပစ္စည်းအဖြစ် ပမာဏအနည်းငယ်ပဲ သုံးရလေ့ရှိတဲ့ ဆားတမျိုး ဖြစ်ပြီး၊ ပမာဏအများကြီး စားသုံးမိရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
သူဟာ ကနေဒါနိုင်ငံတွင်းက လိပ်စာပေါင်း ၁၆၀ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က မှာယူတဲ့ လိပ်စာတွေဆီ ပါဆယ်ထုပ်ပေါင်း ၁,၂၀၀ ကျော်ထက်မနည်း ပေးပို့ခဲ့တာကြောင့် သူ့ရဲ့အမှုကို ကမ္ဘာတဝန်းလုံးက အာရုံစိုက်ခဲ့ပါတယ်။
ဗြိတိန်နဲ့ အိုင်ယာလန် အပါအဝင် တခြားနိုင်ငံတွေကလည်း သူတို့နိုင်ငံတွင်း သေဆုံးမှုတွေဟာ ဒီပစ္စည်းတွေကြောင့်လား ဆိုတာကို စုံစမ်းနေကြပြီး၊ ပစ္စည်းဝယ်ယူခဲ့သူတွေကိုလည်း သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဗြိတိန်အမျိုးသား ရာဇ၀တ်မှုနှိမ်နင်းရေးအေဂျင်စီက ကနေဒါအခြေစိုက် ဝက်ဘ်ဆိုက်တွေကနေ သေကြောင်းကြံစည်ဖို့ ပစ္စည်းတွေဝယ်ယူပြီး ယူကေမှာ သေဆုံးသွားခဲ့တဲ့ လူ ၁၁၂ ယောက်ရဲ့ သေဆုံးမှုနဲ့ ဆက်နွှယ်နိုင်ခြေရှိတဲ့ ပြစ်မှုတွေကို ပြီးခဲ့တဲ့ ဧပြီလက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောခဲ့ပေမဲ့ သံသယရှိသူ ကနေဒါနိုင်ငံသားရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
ကနေဒါနိုင်ငံဥပဒေအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကူညီခြင်းဟာ ပြစ်ဒဏ်ထင်ရှားရင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပြီး၊ လူသတ်မှုကတော့ အနည်းဆုံး ၂၅ နှစ်အတွင်း လွတ်ရက်မရှိဘဲ တသက်တကျွန်း ထောင်ဒဏ် မဖြစ်မနေ ကျခံရမှာ ဖြစ်ပါတယ်။
