Logo
Tuesday, June 2, 2026
Back to Home
Local News

မျိုးတုံးတော့မည့်လိပ်များကို တရားမဝင်ရောင်းဝယ်မှု မြင့်တက်နေ

By AdminMay 26, 2026
မျိုးတုံးတော့မည့်လိပ်များကို တရားမဝင်ရောင်းဝယ်မှု မြင့်တက်နေ

မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး မြန်မာ့တောရိုင်း လိပ်မျိုးစိတ်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေ မြင့်တက်လာနေပြီး မျိုးတုံးမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ဆောင်နေသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး လူမှုကွန်ရက် စာမျက်နှာတွေနဲ့ မှောင်ခိုလမ်းကြောင်းတွေကနေ မြန်မာ့တောရိုင်း လိပ်မျိုးစိတ်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေ မြင့်တက်လာနေတယ်လို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာသာ တွေ့ရတဲ့ ရှားပါး “မြန်မာ့ကြယ်လိပ်” တွေအပြင် ကုန်းလိပ်နဲ့ ရေလိပ် အငယ်လေးတွေကို စားသုံးဖို့နဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် အလှမွေးမြူဖို့ ဈေးကွက်ရှိနေတဲ့အတွက် လူမသိ သူမသိဘဲ အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်တာကို ခံနေကြရပါတယ်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတယောက်က “နိုင်ငံခြားကို အများအပြား တင်ပို့တာက မျိုးသုန်းမဲ့ အန္တရာယ်ကို ပိုထိခိုက်ပါတယ်။ တချို့ လိပ်မျိုးစိတ်တွေက အလှမွေးဖို့၊ တချို့ကိုကျတော့လည်း အသားစားဖို့ဆိုပြီး ပို့ကြပါတယ်။ အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးတာတွေကို ထိထိရောက်ရောက် မလုပ်နိုင်တော့ ဖမ်းမိတယ် ဆိုတာမျိုးတောင် မကြားမိတော့ဘူး။ အတိုင်းအဆမရှိဘဲ မှောင်ခိုတွေ လုပ်နေကြတာက အရင်ကထက်ပိုပြီး စိုးရိမ်ရပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်တွေက မြန်မာနဲ့ တရုတ်နယ်စပ်ဂိတ်တွေမှာ လိပ်အကောင်ရေ ရာနဲ့ချီပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိခဲ့တာတွေ ရှိပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။

နယ်မြေတွေ ချဲ့ထွင်လာတဲ့အတွက် နေရင်းဒေသတွေ ပျက်စီးတာနဲ့ တရားမဝင် ရောင်းဝယ်တာတွေ လုပ်တဲ့အတွက် မြန်မာ့လိပ်မျိုးစိတ်တွေဟာ မျိုးတုံးပျောက်ကွယ်ရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လိပ်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတယောက်က “အခုဆိုရင် လိုင်းပေါ်မှာ လိပ်တွေကို ရှာပြီး ဖမ်းတာ ဆီးတာတွေ လုပ်ပြတာမျိုးတွေ ရိုက်လာကြတာလည်း တွေ့ရတယ်။ လိပ်ဥတွေကို စားပြတာတွေကလည်း မလုပ်သင့်တဲ့ကိစ္စတွေက၊ မသိတဲ့သူတွေက ဒါတွေကိုကြည့်ပြီး လိုက်လုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ တခြားတိရစ္ဆာန်တွေထက်ပိုပြီး လိပ်တွေက မျက်ကွယ်ပြုခံထားရပါတယ်။ ကျားတကောင် သေတာထက် လိပ်တကောင် သေတာကို ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး” လို့ ပြောပါတယ်။

ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ (က) အရ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်တာ၊ အနာတရ ဖြစ်စေတာ၊ စုဆောင်းတာနဲ့ ရောင်းဝယ်တာတွေ တွေ့ရှိရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရေချိုလိပ်နဲ့ ကုန်းလိပ် ၂၆ မျိုးရှိပြီး အများစုက မျိုးတုံးမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတယောက်က “ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရဘူး ဆိုတာကို နားလည်ဖို့ လိုတယ်။ ကျပ်တည်းနေတဲ့ ကာလကြီးမှာ ကိုယ်တိုင်က ပြောင်းလဲပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အသိပညာတွေ ပေးပြီး သဘာဝပတ်ဝန်းကျင်က ထိန်းသိမ်းဖို့ လိုတယ် ဆိုတာကို သိကြဖို့လိုပါတယ်။ ဘယ်အချိန် ဘယ်ကာလမှာမဆို တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို ဝယ်ယူအားပေးတာတွေ မလုပ်ဖို့နဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ထိန်းသိမ်းရေးလုပ်နေသူတွေက တောင်းဆိုထားကြပါတယ်။