ဂူအတွင်း ပိတ်မိနေသူ ၇ ဦးအနက် ၅ ဦး အသက်ရှင်လျက်တွေ့ရှိ

လာအိုနိုင်ငံ အလယ်ပိုင်း Xaisomboun ပြည်နယ်ရှိ ရေလျှံနေသောဂူအတွင်း တစ်ပတ်ခန့် ပိတ်မိနေခဲ့သည့် ရွာသား ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကယ်ဆယ်ရေးသမားများ၏ အဆိုအရ ပျောက်ဆုံးနေသူများကို ကျွမ်းကျင်ဂူရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ ဂူအတွင်းမှ ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိသေးဘဲ ကျန်ရှိနေသည့် ၂ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးရေငုပ်သမား Kengkad Bongkawong က “လူ ၅ ဦးကို ဘေးကင်းစွာတွေ့ရှိထားပြီး ကျန် ၂ ဦးကို ဆက်လက်ရှာဖွေနေပါတယ်” ဟု လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့သည်။
တွေ့ရှိထားသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး အရည်နှင့် ဂျယ်ပုံစံ အစားအစာများ ပေးအပ်သွားမည်ဖြစ်ကာ၊ ထို့နောက် ဂူအတွင်းမှ ဘေးကင်းစွာ ထုတ်ယူနိုင်ရေးအစီအစဉ်ကို ဆက်လက်ရေးဆွဲမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။
ရွာသား ၇ ဦးမှာ မေ ၁၉ ရက်က ဂူအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ ထွက်ပေါက်ပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် လေဝင်လေထွက်ရှိနေသည့် ဂူအတွင်း မြင့်မားသောနေရာတစ်ခု၌ ခိုလှုံနေကြသည်ဟု ယူဆထားကြောင်း လာအိုသတင်းအေဂျင်စီက ဖော်ပြထားသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် ဒေသခံအာဏာပိုင်များနှင့် လာအိုကယ်ဆယ်ရေးအဖွဲ့များအပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးသမားများပါ ပူးပေါင်းကူညီနေကြပြီး၊ ဂူအပေါ်ဘက်ရှိ လေထွက်ပေါက်များကိုလည်း စစ်ဆေးရှာဖွေနေကြောင်း သိရသည်။
