ဓာတ်မြေဩဇာ ရည်ညွှန်းဈေး ပြန်ကျသော်လည်း စိုက်ပျိုးစရိတ်မြင့်မားနေဆဲ
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းတွေ ဆက်တိုက်တက်နေတဲ့အခြေအနေမှာ ယူရီးယား မြေဩဇာ ရည်ညွှန်းဈေးကို မေလနှောင်းပိုင်းမှာ အနည်းငယ်လျှော့ချခဲ့ပေမဲ့ တောင်သူတွေအတွက် စိုက်ပျိုးစရိတ် မြင့်မားမှုကတော့ သိသိသာသာ မလျော့ကျသေးဘူးလို ဝောာင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) ရဲ့ ထုတ်ပြန်ချက်တွေအရ ယူရီးယားမြေဩဇာ ၅၀ ကီလိုတအိတ်ရဲ့ ရည်ညွှန်းလက်ကားဈေးက မတ်လမှာ ကျပ် ၉၄,၀၀၀ ရှိရာကနေ မေလအစမှာ ကျပ် ၁၅၇,၀၀၀ အထိ မြင့်တက်သွားပါတယ်။
အဲဒီနောက် မေလနှောင်းပိုင်းမှာတော့ ကျပ် ၁၅၁,၆၀၀ အထိ အနည်းငယ်ပြန်လျှော့ပေးခဲ့ပေမဲ့ မတ်လဈေးနဲ့ ယှဉ်ရင်တော့ ၆၀ ရာခိုင်နှုန်းနီးပါး မြင့်နေဆဲဖြစ်တယ်။ ဒါဟာတောင်သူတွေအတွက် ကြီးမားတဲ့ သွင်းအားစု စရိတ် ဖိအားတခု ဖြစ်လာစေပါတယ်။
မြေဩဇာဈေးနှုန်းတွေကို ရည်ညွှန်းဈေးနဲ့ ထိန်းညှိသတ်မှတ်ပေးနေပေမဲ့ မြေပြင်မှာတော့ သယ်ယူ ပို့ဆောင်ရေးကုန်ကျစရိတ်၊ လက်ငင်းငွေချေစနစ်နဲ့ ဒေသအလိုက် ဖြန့်ဖြူးမှု ကွာဟချက်တွေ ကြောင့် တောင်သူတွေက မတူညီတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူနေရတာပါ။
စိုက်ပျိုးတောင်သူတွေရဲ့ ထုတ်လုပ်စရိတ်လျော့ကျဖိုနဲ့ စားနပ်ရိက္ခာ ဖူလှုံစေဖို့ ဓာတ်မြေသြဇာ တင်သွင်းမှုအပေါ် အခွန်လျှော့ပေးတာ၊ တောင်သူတွေဆီ သက်သာဈေးနဲ့ ဖြန့်ဖြူးပေးတာတွေ လုပ်နေတယ်လို တာဝန်ရှိသူတွေဘက်က ပြောပေမဲ့ မြေပြင်မှာတော့ တောင်သူတွေရဲ့ စိုက်ပျိုးရေး ကုန်ကျစရိတ် အကျပ်အတည်းက ပိုဆိုးရွားလာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
စီးပွားရေး လေ့လာစောင့်ကြည့်သူတယောက်က “သူတို့ဘက်ကတော့ သွင်းအားစု ကုန်ကျစရိတ် သက်သာအောင် ပံ့ပိုးပေးနေတယ်လို ပြောတယ်။ ဒါပေမဲ့ တကယ့် ရည်ညွှန်းဈေးကိုယ်တိုင်ကပဲ အချိန်တိုအတွင်းမှာ ဈေးအများကြီး ထပ်တက်သွားတယ်။ စပါးဈေးထက်တောင် သူတက်တာက ပိုမြန်တယ်။ အကျိုးဆက်ကတော့ တောင်သူတွေ စိုက်ပျိုးစရိတ် မခံနိုင်တော့ဘူးပေါ့” လို့ ပြောပါတယ်။
ဒါ့ကြောင့် တောင်သူတွေအနေနဲ့ မြေဩဇာကို လိုသလောက် မသုံးနိုင်တော့ဘဲ အထွက်နှုန်း ကျဆင်း နိုင်တဲ့ အန္တရာယ် ရှိလာပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဓာတ်မြေဩဇာဈေး မြင့်တက်မှုက စိုက်ပျိုးကုန်ကျစရိတ်ကို တိုးစေပြီး သီးနှံ ထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ သတိပေးထားတယ်။
WFP ရဲ့ သုံးသပ်ချက်အရ ဝင်ငွေနည်းတဲ့ တောင်သူတွေက ဒီဈေးမြင့်တက်မှုဒဏ်ကို ပိုခံရပြီး စားနပ်ရိက္ခာ ရရှိမှုအပေါ်ပါ သက်ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
တောင်သူတွေဟာ လက်ရှိမှာ ဓာတ်မြေဩဇာဈေး မြင့်တက်တာအပြင် မျိုးစေ့၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးလို သွင်းအားစုတွေ ဈေးတက်လာတာ၊ လောင်စာဆီဈေးကြောင့် ထွန်ယက်ရေးနဲ့ ရိတ်သိမ်းရေးစရိတ်တွေပါ တိုးလာတာ၊ လုပ်သားခနှုန်းထားနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်လာတာစတဲ့ စိုက်ပျိုး ကုန်ကျစရိတ် အကျပ်အတည်းတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
