မြောက်ဥက္ကလာပ အထက (၇) ကျောင်းတွင် ဆရာမနှင့် ကျောင်းသားနှစ်ဦး မိုးကြိုးပ စ်ခံရပြီး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထက (၇) ကျောင်းဝင်းအတွင်း ဇွန်လ ၁ ရက် မွန်းလွဲပိုင်းက မိုးကြိုးပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆရာမတစ်ဦးနှင့် Grade 1 ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းဆင်းချိန်တွင် မိဘများ လာရောက်မကြိုသေးသည့် ကလေးငယ်နှစ်ဦးအား ဆရာမတစ်ဦးက ကျောင်းဝင်းအတွင်းရှိ ကုက္ကိုလ်ပင်အနီးတွင် စောင့်ကြည့်ပေးနေစဉ် မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးသည် ကုက္ကိုလ်ပင်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အနီးအနားတွင်ရှိနေသည့် ဆရာမနှင့် ကျောင်းသားနှစ်ဦးကို ထိခိုက်စေခဲ့ကြောင်း၊ ကျောင်းသားတစ်ဦးမှာ ကျောဘက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားတစ်ဦးမှာ မျက်နှာပိုင်းတွင် အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဆရာမမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း သုံးဦးစလုံး၏ အခြေအနေမှာ စိုးရိမ်ရခြင်းမရှိကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား ချက်ချင်း မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးထားပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်နေကြောင်း သိရသည်။
မိုးရာသီအတွင်း မိုးကြိုးပစ်မှုအန္တရာယ်များ မြင့်တက်လာနိုင်သဖြင့် ကျောင်းသားများနှင့် ပြည်သူများအနေဖြင့် မိုးရွာချိန် သစ်ပင်ကြီးများအောက်တွင် ခိုနားခြင်းမပြုရန်နှင့် လုံခြုံရေးသတိရှိကြရန် သက်ဆိုင်ရာက အသိပေးထားသည်။
#မိုးကြိုး #ရာသီဥတု #သတင်းထူးသတင်းဦး #သုတမြေ See less
