နီပေါတောင်တက်လမ်းပြ ဧဝရက်တောင်ထိပ်ကို ၃၂ ကြိမ်တက်ပြီး ကမ္ဘာ့စံချိန်သစ်တင်
နာမည်ကျော် နီပေါတောင်တက်လမ်းပြ ကမီ ရီတာ ရှာပါဟာ ဧဝရက်တောင်ထိပ်ကို ၃၂ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး သူ့စံချိန်သူ ထပ်ချိုးနိုင်ခဲ့ပါတယ်။အသက် ၅၆ နှစ်အရွယ် ကမီရီတာဟာ 14 Peaks Expedition ကုမ္ပဏီက တောင်တက်သမားတွေကို လမ်းပြရင်းနဲ့ ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ အမြင့်ပေ ၂၉,၀၃၂ ပေရှိတဲ့ တောင်ထိပ်ကို မေ ၁၇ ရက်မှာ ထပ်မံရောက်ရှိခဲ့တာပါ။ဒီလို သမိုင်းဝင်မှတ်တိုင် စိုက်ထူနိုင်ခဲ့တာနဲ့ တောင်ပေါ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင် စွမ်းဆောင်ပေးတဲ့အတွက် နီပေါ ခရီးသွားလာရေးဌာနက သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။အဲဒီနေ့မှာပဲ အသက် ၅၂ နှစ်အရွယ် လာခ်ပါ ဆိုတဲ့ အမျိုးသမီး ရှာပါ လမ်းပြတယောက်ဟာလည်း ၁၁ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး အမျိုးသမီးတွေထဲမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ကမီရီတာဟာ ၁၉၅၃ ခုနှစ်မှာ ဧဝရက်တောင်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ တန်ဇင်း နော်ဂေး မွေးဖွားရာ သာမေးရွာမှာပဲ မွေးဖွားခဲ့တာပါ။သူဟာ ၁၉၉၄ ခုနှစ်မှာ ဧဝရက်တောင်ကို စတင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တောင်တက်ခရီးစဉ်တွေ ပိတ်ထားတဲ့ နှစ်တွေကလွဲပြီး နှစ်စဉ် တောင်တက်လေ့ရှိကာ တချို့နှစ်တွေမှာ နှစ်ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။တန်ဇင်း နော်ဂေးနဲ့ အက်ဒ်မန် ဟီလာရီတို့ ပထမဆုံး တက်ရောက်ခဲ့ပြီးကတည်းက ဧဝရက်တောင်ကို လူပေါင်း ၈,၀၀၀ ကျော် တက်ရောက်ခဲ့ဖူးပြီး အများစုကတော့ အကြိမ်များစွာ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
