Logo
Tuesday, June 2, 2026
Back to Home
Local News

ဘားအံ- လှိုင်းဘွဲလမ်းပေါ်၌ တံတားကျိုးသဖြင့် ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်

By AdminMay 23, 2026
ဘားအံ- လှိုင်းဘွဲလမ်းပေါ်၌ တံတားကျိုးသဖြင့် ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ဘားအံ-လှိုင်းဘွဲသွားကားလမ်းပေါ် လှိုင်းဘွဲ (စည်ပင်သာယာ) မြို့ဝင် ကြေးဂိတ်အနီးက တံတားဟာ မေ ၂၂ ရက်က မိုးရွာသွန်းမှုကြောင့် မြေထိန်းနံရံ ရေတိုက်စားပြီး အက်ကွဲခဲ့ရာက ကျိုးကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို တံတားကျိုးကျခဲ့တာကြောင့် ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားရပါတယ်။

အဆိုပါ တံတားဟာ ဘားအံ- လှိုင်းဘွဲ- ပိုင်ကျုံမြို့ကို ဆက်သွယ်သွားလာနေတဲ့ အဓိက တံတား တစင်း ဖြစ်ပါတယ်။

ဒေသခံတစ်ယောက်က “ဘားအံနဲ့ ထီလုံကြားက စည်ပင်ငွေကောက်တဲ့နားက တံတား။ မြေသား ကို ရေတိုက်စားသွားတော့ တဖြေးဖြေးနဲ့ ပြိုပြီး အခုက ကျိုးသွားတယ်”လို့ ပြောပါတယ်။

အဆိုပါတံတား ကျိုးကျခဲ့တာကြောင့် သက်ဆိုင်ရာ လမ်းတံတားဌာနက မော်တော်ယာဉ်တွေ ပြန်လည် ဖြတ်သန်းခွင့်ရအောင် အမြန်ဆုံးပြုပြင်နေပါတယ်။

လက်ရှိမှာ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေဟာ ထီလုံ- မိုင်းကံရွာနဲ့ နောင်သငဲ့- ထီးဖိုးကလုံး ကျေးရွာချင်းဆက်လမ်းပိုင်းတွေကို အသုံးပြုသွားလာနေရတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။