Logo
Tuesday, June 2, 2026
Back to Home
International News

ချင်းမိုင်တွင် စိတ်ကြွဆေး ၅ သန်းတင်လာသည့်ကား တိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံး

By AdminJune 2, 2026
ချင်းမိုင်တွင် စိတ်ကြွဆေး ၅ သန်းတင်လာသည့်ကား တိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံး

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ကလျာဏိဝပ်ထနားမြို့နယ်ထဲမှာ စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်တဲ့ ကားတစီး မတော်တဆတိမ်းမှောက်ပြီး ယာဉ်မောင်း ပွဲချင်းပြီးသေဆုံးကာ ကားထဲမှာ စိတ်ကြွဆေးပြား ၅,၀၀၀,၀၀၀ သိမ်းဆည်းရမိတယ်လို့ ထိုင်းမြောက်ပိုင်းဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်ဖို့ရှိကြောင်း ကြိုတင်သတင်းရထားတာကြောင့် ကလျာဏိဝပ်ထနားမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ ဇွန် ၁ ရက် မနက်စောစောက ဆမိုင်းမြို့နယ်သွား လမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာ စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ တာဝန်ကျရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

မနက် ၁ နာရီခွဲလောက်မှာတော့ မီးခိုးရောင် အီစူဇူး ဟိုင်းလပ်စ်ကားတစီး မောင်းဝင်လာတယ်၊ ကားနောက်ခန်းကို သံထည်တွေနဲ့ ပြုပြင်ကာရံထားတယ်၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့် ပေးလိုက်ရာမှာ အဆိုပါကားက မရပ်တဲ့အပြင် အရှိန်မြှင့် မောင်းထွက်သွားပါတယ်။

တာဝန်ရှိသူတွေက အနောက်က ကားနဲ့လိုက်သွားစဉ် အဲဒီကားဟာ မဲ့ဒက်အုပ်စု၊ မဲ့ဒက်နွဲ့ရွာထဲ မောင်းဝင်သွားတယ်၊ ရွာလမ်းဟာ ကျဉ်းမြောင်းပြီး အဲဒီကားက ဘယ်ဘက်ကို ချိုးကွေ့လိုက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက သစ်ငုတ်တိုနဲ့ ကုန်းမြေနံရံကို ဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါလာတဲ့အိတ်တွေလည်း လွင့်စဉ်ကျသွားပါတယ်။

တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးစဉ် ယာဉ်မောင်း အမျိုးသားမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်၊ ကားထဲ ကျန်တဲ့အိတ်နဲ့ လမ်းပေါ်ကျသွားတဲ့အိတ် စုစုပေါင်း ၂၅ လုံးရှိပြီး အထဲမှာတော့ စိတ်ကြွဆေးပြား စုစုပေါင်း ၅ သန်း တွေ့ရှိတယ်လို့ ဆိုပါတယ်။

မနက်မိုးလင်းတော့ မှုခင်းဆေးသိပ္ပံဌာန၊ ဆရာဝန်၊ မူးယစ်ရဲတပ်ဖွဲ့ဝင်နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ရောက်လာပြီး အလောင်းနဲ့ မူးယစ်ဆေးတွေကို သယ်ဆောင်သွားတယ်၊ သေဆုံးသူ မည်သူမည်ဝါ ဆိုတာနဲ့ ကွင်းဆက်တွေကို ဆက်လက်စုံစမ်းပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ဆိုပါတယ်။

လတ်တလော ချင်းမိုင်ခရိုင်ထဲမှာ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဖမ်းဆီးရမိနေတာမှာ မနေ့ ဇွန် ၁ ရက် မနက် ၃ နာရီခွဲခန့်ကလည်း ချင်းမိုင်မြို့၊ ဆုထိပ်ရပ်ကွက်၊ နီမာဟေမင်း လမ်းသွယ် ၃ ထဲမှာ အသက် ၃၉ နှစ်အရွယ် ထိုင်းအမျိုးသားတယောက်ထံမှ စိတ်ကြွဆေးပြား ၁,၅၄၄,၀၀၀ ထပ်မံဖမ်းဆီးရမိတယ်လို့ North Now သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၆ မေ ၂၄ မှ ဇွန် ၁ ရက်အတွင်း ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းနဲ့ ချင်းမိုင်ခရိုင်ထဲမှာ မူးယစ်ဆေးဝါး အချီကြီး ဖမ်းဆီးရရှိမှု ၅ မှု ရှိခဲ့တယ်၊ အဆိုပါ ၅ မှုကနေ စိတ်ကြွဆေးပြား ၁၅ ဒသမ ၆၄ သန်း (၁၅,၆၄၀,၀၀၀)၊ အိုက်စ်ဆေး ၂၅၄ ကီလိုဂရမ်ကို တရားခံ ၇ ယောက်၊ ကား ၇ စီးနဲ့အတူ သိမ်းဆည်းရမိတယ်လို့ တိုင်းဒေသ အမှတ် ၅ ရဲဌာနချုပ်မှာ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ကိုယ်တိုင် ဒီကနေ့ ဇွန် ၂ ရက် မနက်ပိုင်းက သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။