"ဆီဆိုင်မြို့နယ်၌ မိုးကြိုးပစ်မှုကြောင့် နွား ၄၉ ကောင် သေဆုံး "

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက လွယ်ပွတ်အုပ်စု၊ ကောင်ဝါးတောင်ကျေးရွာအနီး ၂ မိုင်လောက်အကွာရှိ တောင်ယာဘက်မှာ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လွှတ်ကျောင်းထားတဲ့ နွားအများအပြား သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၁ ရက် ညနေ ၂ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လွှတ်ကျောင်းထားတဲ့ နွားကောင်ရေ ၂၀၀ လောက်ထဲက နွား ၄၉ ကောင်က ပွဲချင်းသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သေဆုံးသွားတဲ့ နွားတွေက ရွာသားတွေ စုပေါင်းမွေးထားတဲ့ နွားတွေပါ။ နွားကျောင်းနေတဲ့သူ ကတော့ မိုးရွာလာချိန် တဲထဲဝင်နေလို့ မိုးကြိုးပစ်ချိန် အန္တရာယ်မဖြစ်ခဲ့ပါဘူး” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကျေးရွာအတွင်း စီးပွားရေးထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပြီး မိုးရာသီအတွင်း တောင်ယာနဲ့ လယ်ကွင်းတွေမှာ မိုးကြိုးအန္တရာယ်ကို အထူးသတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိကာလမှာ ရှမ်းပြည်ဒေသအများအပြားမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပွားနေလို့ သဘာဝဘေးအန္တရာယ် တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။
#ဆီဆိုင်မြို့နယ်
