Logo
Tuesday, June 2, 2026
Back to Home
International News

နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိ ဂျပန်ဘုရားကျောင်း ဝတ်ပြုဆောင် မီးလောင်ပြာကျ

By AdminMay 22, 2026
နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိ ဂျပန်ဘုရားကျောင်း ဝတ်ပြုဆောင် မီးလောင်ပြာကျ

ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားခရိုင်မှာရှိတဲ့ ဒိုင်ရှိုအင်း ဘုရားကျောင်းက သက်တမ်း နှစ်ပေါင်း ၁၂၀၀ ကျော်ရှိတဲ့ “ထာဝရမီးလျှံ” ထားရှိရာ ရေအီကာဒို ဝတ်ပြုဆောင်ဟာ မေ ၂၀ ရက် မနက်ပိုင်းက မီးလောင်ပြာကျသွားပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ မီးဘေးသင့်ခဲ့တဲ့ ဝတ်ပြုဆောင်တခုလုံးဟာ မီးခိုးလုံးတွေ၊ မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး အဆောက်အအုံတခုလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဂျပန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အခုမီးလောင်မှုဟာ ဒီထာဝရမီးတောက်ကနေတဆင့် ကူးစက်လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ မီးသတ်အာဏာပိုင်တွေက ပြောဆိုကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဒါပေမဲ့ သန့်ရှင်း မွန်မြတ်လှတဲ့ ထာဝရမီးတောက်ကိုတော့ မငြိမ်းသွားအောင် ထိန်းသိမ်းပြီး ဘေးကင်းရာနေရာကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မီယာဂျီးမား ခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ အဆိုအရ ဒီဝတ်ပြုဆောင်ဟာ ခရစ်သက္ကရာဇ် ၈၀၆ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး စတင်ထွန်းညှိခဲ့တဲ့ “ထာဝရ မငြိမ်းသွားတဲ့ မီးတောက်” ရှိရာ နေရာအဖြစ် လူသိများပါတယ်။

ဒီမီးတောက်ဟာ နှစ်ပေါင်း ၁,၂၀၀ ကျော်တိုင်တိုင် မငြိမ်းဘဲ ဆက်တိုက် တောက်လောင်နေခဲ့တာ ဖြစ်ပြီး ၁၉၄၅ ခုနှစ် အဏုမြူဗုံးဒဏ်သင့် သေဆုံးခဲ့ရသူတွေကို ရည်စူးဆောက်လုပ်ထားတဲ့ ဟီရိုရှီးမား ငြိမ်းချမ်းရေးအထိမ်းအမှတ် ပန်းခြံက ထာဝရမီးတောက်ကို စတင်ထွန်းညှိရာမှာလည်း ဒီမီးတောက်ကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။