International News
ဂျပန်ကမ်းလွန်၌ အပူပိုင်းမုန်တိုင်းတိုက်ခတ်၊ လေယာဉ်နှင့် ကူးတို့သင်္ဘောခရီးစဉ်များ ဖျက်သိမ်း
By Admin•June 1, 2026
ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းတခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ၊ အိုကီနာဝါစီရင်စုမှာ လေယာဉ်ခရီးစဉ်တွေနဲ့ ကူးတို့သင်္ဘောခရီးစဉ်တွေကို ဇွန် ၁ ရက်မှာ ဖျက်သိမ်းခဲ့ရပါတယ်။
ဂျန်မီမုန်တိုင်းကြောင့် ဂျပန်ရဲ့ အနောက်တောင်ဘက်မှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်လိမ့်မယ်လို့ မျှော်လင့်ရပြီး တနာရီကို ကီလိုမီတာ ၁၆၀ (တနာရီ ၉၉ မိုင်) အထိ တိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။
အိုကီနာဝါရဲ့ အဓိက နိုင်ငံတကာနဲ့ ပြည်တွင်းဝင်ပေါက်ဖြစ်တဲ့ နာဟာလေဆိပ်ကို တနင်္လာနေ့မှာ ဆက်ပြီးပိတ်ထားမယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။
ချဉ်းကပ်လာတဲ့ မုန်တိုင်းကြောင့် ကူးတို့သင်္ဘောခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပြီး အိမ်ထောင်စု ၇,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဂျပန်အမျိုးသားရုပ်သံ NHK က ဖော်ပြခဲ့ပါတယ်။
