Logo
Tuesday, June 2, 2026
Back to Home
Local News

လေးမြို့မြစ်တွင် လှေမှောက်ကာ ကလေးတစ်ဦးအပါ လူ ၉ ဦး‌ေ သဆုံး

By AdminMay 18, 2026
လေးမြို့မြစ်တွင် လှေမှောက်ကာ ကလေးတစ်ဦးအပါ လူ ၉ ဦး‌ေ သဆုံး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ လေးမြို့မြစ်တွင် လူတင်စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ ၉ ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောင်တိုင်ကျေးရွာမှ လူငယ်များအပါအဝင် ဒေသခံ ၁၀၀ ကျော်သည် မြောက်ဦးမြို့နယ် သျှမ်းတောင်ကျေးရွာတွင် ကျင်းပသည့် ဘောလုံးပွဲမှ ပြန်လာစဉ် စက်လှေ ၂ စီးဖြင့် လေးမြို့မြစ်ကို ဖြတ်သန်းခဲ့ကြသည်။ ထိုအနက် လူတင်များသည့် စက်လှေတစ်စီးမှာ ရေစီးသန်ထန်မှုနှင့် ရာသီဥတုဆိုးရွားမှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နစ်မြုပ်သည့် စက်လှေပေါ်တွင် လူ ၅၀ ခန့် လိုက်ပါလာကြောင်း သိရပြီး၊ ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ညတွင်းချင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သို့သော် သေဆုံးသူများ၏ ရုပ်အလောင်းများကို မေ ၁၃ ရက် နံနက်ပိုင်းမှစတင်ကာ မြစ်ကမ်းတလျှောက် နေရာအနှံ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆိုသည်။


ဒေသခံတစ်ဦးက “အခုရက်ပိုင်း လေးမြို့မြစ်မှာ ရေစီးကြမ်းနေပြီး မိုးရွာတာကြောင့် သွားလာရခက်နေတယ်။ ညပိုင်းဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း အခက်အခဲရှိခဲ့တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်သည် ရေကြောင်းသွားလာမှုကို အဓိကအားထားရသည့် ကမ်းရိုးတန်းဒေသဖြစ်ပြီး မိုးဦးကာလနှင့် မိုးတွင်းကာလများတွင် မြစ်ချောင်းများ ရေစီးသန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကမ်းရိုးတန်းဒေသများတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။
#လေးမြို့မြစ် #တိမ်းမှောက် #မတော်တဆ #သုတ #သုတမြေ See less