မိုးကာလ “ရေဝဲစားခြင်း” ဖြစ်ပွားမှုအား ကာကွယ်ရန် လမ်းညွှန်ချက်များ

မိုးရာသီကာလအတွင်း ရေစိုစွတ်မှုများလာခြင်းကြောင့် “ရေဝဲစားခြင်း” ဟု လူသိများသည့် အရေပြားပြဿနာများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
ရေဝဲစားခြင်းသည် ရေစိုနေသည့် အခြေအနေတွင် ကြာရှည်စွာ နေရခြင်းကြောင့် အရေပြားပျော့လာပြီး ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အရေပြားဖြူဖွေးလာခြင်းနှင့် ကွဲအက်နာကျင်လာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အထူးသဖြင့် ခြေချောင်းကြားနှင့် ခြေဖဝါးနေရာများတွင် အများဆုံး တွေ့ရတတ်သည်။
ကျန်းမာရေးပညာရှင်များက ရေစိုပြီးတိုင်း ခြေထောက်ကို သန့်ရှင်းစွာ ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ထားရန်၊ စိုနေသော ခြေအိတ်နှင့် ဖိနပ်များကို ကြာရှည်မဝတ်ထားရန်နှင့် ခြေချောင်းကြားများကို ခြောက်အောင် ထိန်းသိမ်းရန် အကြံပြုထားသည်။
ထို့ပြင် အရေပြားကွဲအက်ခြင်း၊ နီရဲဖောင်းရမ်းခြင်း၊ ပြည်ထွက်ခြင်း သို့မဟုတ် နာကျင်မှု ပြင်းထန်လာပါက နီးစပ်ရာ ဆေးခန်း သို့မဟုတ် ဆေးရုံသို့ သွားရောက်ပြသရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
မိုးရာသီတွင် ရေထဲသွားလာရသူများ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများနှင့် ရေစိုသောနေရာများတွင် အလုပ်လုပ်ကိုင်ရသူများအနေဖြင့် အထူးဂရုပြုရန် လိုအပ်ကြောင်း သိရသည်။
