ရွာငံတွင် ကျောက်သဲကျင်းပြိုကျပြီး တူးဖော်လုပ်သားနှစ်ဦး သေဆုံး

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်းတစ်ခုတွင် ကျင်းပြိုကျမှုဖြစ်ပွားခဲ့ရာ ကျောက်သဲတူးဖော်နေသည့် အမျိုးသားများအနက် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်က ယကြီး-ပွေးပြတ်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကုန်ထုတ်လမ်းဘေးရှိ ကျောက်သဲကျင်းအတွင်း အလုပ်လုပ်နေစဉ် မြေသားများပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျင်းပြိုကျပြီးနောက် ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ရေးအတွက် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းကာ အရေးပေါ်တူးဖော်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ရှာဖွေရာတွင် အသက် ၂၅ နှစ်အရွယ် မောင်ဟန်လင်းသူကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိထားသဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။
သို့သော် ကျန်အမျိုးသားနှစ်ဦးမှာ သဲပိမိမှုကြောင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရပြီး ရုပ်အလောင်းများကို မြိုင်ကျေးရွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

See less
