ရုပ်အလောင်းပြန်မပေးသဖြင့် အီဘိုလာစင်တာ မီးလောင်ဖျက်ဆီးခံရ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့နေသည့် ဒေသတစ်ခုရှိ ကုသရေးစင်တာတစ်ခုကို ဒေသခံလူအုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေနှင့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဒေသခံအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်ခွင့် မပေးခဲ့သဖြင့် ဒေသခံများအကြား ဒေါသနှင့် ကြောက်ရွံ့မှုများ မြင့်တက်လာကာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီဘိုလာရောဂါသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့် ဒေသများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူရွှေ့ပြောင်းမှုများပြားနေသည့် နေရာများတွင် ဆက်လက်ကူးစက်ပျံ့နှံ့နေကြောင်း သိရသည်။
အီဘိုလာရောဂါဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများမှာ ကူးစက်နိုင်ခြေ မြင့်မားနေသဖြင့် သင်္ဂြိုဟ်မှုလုပ်ငန်းစဉ်များကို အာဏာပိုင်များက ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ယင်းကဲ့သို့ ဆောင်ရွက်မှုများသည် မိသားစုဝင်များနှင့် မိတ်ဆွေများ၏ ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။
“ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာ လူငယ်တွေက ကုသရေးစင်တာကို မီးရှို့လိုက်ကြတယ်” ဟု ဒေသခံကျောင်းသား အဲလက်စစ် ဘူရာတာက ပြောသည်။
မျက်မြင်သတင်းထောက်တစ်ဦး၏ အဆိုအရ လူအုပ်စုသည် ကုသရေးစင်တာအတွင်းသို့ ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများကို မီးရှို့ခဲ့ပြီး၊ အီဘိုလာသံသယလူနာတစ်ဦး၏ ရုပ်အလောင်းကိုပါ မီးရှို့ခဲ့ကြောင်း သိရသည်။ ထို့နောက် အကူအညီပေးရေးဝန်ထမ်းများမှာ ယာဉ်များဖြင့် အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။
#အီဘိုလာ #ကူးစက်ရောဂါ #မီးလောင် #သုတမြေ #သတင်းစုံ
See less
