မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလောင်မှုတွင် လူ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ဂိုဒေါင်တစ်လုံးတွင် မေ ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ နံနက် ၈ နာရီခန့်တွင် ပေါက်ကွဲသံနှင့်အတူ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးဝန်းကျင်ရှိ အိမ်များတုန်ခါသွားကြောင်း သိရသည်။ “ပေါက်ကွဲသံကြားပြီး မီးခိုးလုံးကြီးတွေ တက်လာတာတွေ့ရတယ်။ မိုးရွာနေချိန်ဖြစ်လို့ မီးပိုမပြန့်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်ကာ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဒေသခံများ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးကို နံနက် ၈ နာရီ ၃၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုအတွင်း သေဆုံးသူ ၂ ဦးမှာ ဆီဆိုင်မှ ယာဉ်မောင်းတစ်ဦးနှင့် ဆီလာရောက်ဝယ်ယူသူတစ်ဦးဖြစ်ကြောင်း ရုပ်အလောင်းသယ်ဆောင်ပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။
လက်ရှိတွင် တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကို ဆက်လက်စစ်ဆေးနေကြောင်း သိ
ရသည်။
ဓာတ်ပုံ - MFSD
#သုတမြေ #မီးလောင် #သတင်း See less

