Logo
Tuesday, June 2, 2026
Back to Home
International News

ဖိလစ်ပိုင်တွင် ၉ ထပ်အဆောက်အအုံ ပြိုကျ၊ လူ ၂၁ ဦး ပျောက်ဆုံးနေ

By AdminMay 25, 2026
707477560_1378833770940434_5208607334651462782_n

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် မနီလာမြို့အနီး မြောက်ဘက်ရှိ ပမ်ပန်ဂါပြည်နယ်၊ အန်ဂလိစ်မြို့တွင် ဆောက်လုပ်ဆဲ ၉ ထပ်အဆောက်အအုံတစ်လုံး မိုးကြီးလေပြင်းတိုက်ခတ်ပြီးနောက် အရုဏ်မတက်မီ ပြိုကျခဲ့ရာ တနင်္ဂနွေနေ့မနက်ပိုင်းအထိ လူ ၂၁ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားသည်။

အဆောက်အအုံအတွင်း ပိတ်မိနေသူများထံမှ အသံများကြားနေရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောဆိုခဲ့ပြီး အလုပ်သမား ၂၄ ဦးမှာ ကိုယ်တိုင်လွတ်မြောက်ခဲ့သလို အချို့ကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၀ ကျော်က ကွန်ကရစ်အပိုင်းအစများနှင့် သံချောင်းများပြိုကျနေသော အန္တရာယ်ရှိသည့်နေရာတွင် အသက်ရှင်ကျန်ရစ်သူများကို အမြန်ဆုံးရှာဖွေနေကြသည်။

ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီး ဗင်ဇွန် ဒီဇွန်က “အသက်ရှင်နေသူရှိနေသေးသည့် လက္ခဏာတွေ တွေ့ရတယ်၊ အသံတွေလည်း ကြားနေရတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့ပြင် “နေရာက မတည်ငြိမ်သေးလို့ အထူးသတိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟုလည်း ဆိုသည်။

ယခုအချိန်အထိ သေဆုံးသူ သတင်းမရသေးသော်လည်း လွတ်မြောက်လာသူအချို့ ထိခိုက်

707477560_1378833770940434_5208607334651462782_n (1)

ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပျောက်ဆုံးနေသူ ၂၁ ဦးအနက် အများစုမှာ ဆောက်လုပ်ရေးလုပ်သားများဖြစ်ကြောင်း အန်ဂလိစ်မြို့ ဘေးအန္တရာယ်လျှော့ချရေးဌာနအကြီးအကဲ ဖရန်စစ် ပန်ဂီလီနန်က ပြောကြားသည်။

ထို့အပြင် အဆောက်အအုံပြိုကျမှုကြောင့် လွင့်စင်လာသော အပျက်အစီးများထိမှန်ကာ မလေးရှားနိုင်ငံသား ခရီးသွားတစ်ဦးအပါအဝင် လူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

အန်ဂလိစ်မြို့သည် ယခင်က အမေရိကန်လေတပ်၏ အကြီးမားဆုံး စစ်အခြေစိုက်စခန်းများထဲမှ တစ်ခုတည်ရှိခဲ့သည့်နေရာဖြစ်ပြီး ယခုအခါ ကလတ်ခ် ဖရီးပို့ဇုန်အဖြစ် လူသိများကာ စီးပွားရေးနှင့် ဖျော်ဖြေရေးဗဟိုတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။

#ပြိုကျ #ဖိလစ်ပိုင် #သတင်းစုံ #သုတမြေ

See less