Ebola ကူးစက်မှု ပြင်းထန်လာ၍ ကွန်ဂိုတွင် သေဆုံးသူ ၁၃၁ ဦးအထိရှိလာ

အရှေ့ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် Ebola ရောဂါကူးစက်မှု ပြင်းထန်လာပြီး ၂၄ နာရီအတွင်း သံသယသေဆုံးသူ ၂၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြောင့် လက်ရှိ Ebola ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်သေဆုံးသူစုစုပေါင်း ၁၃၁ ဦးအထိ မြင့်တက်လာခဲ့သည်။ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သံသယကူးစက်လူနာ ၅၄၃ ဦးရှိပြီး အတည်ပြုကူးစက်လူနာ ၃၃ ဦး တွေ့ရှိထားကြောင်း သိရသည်။
ထို့အပြင် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း Ebola အတည်ပြုကူးစက်လူနာ ၂ ဦး တွေ့ရှိထားပြီး ရောဂါသည် နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လာနိုင်ခြေရှိကြောင်း ကျန်းမာရေးအဖွဲ့အစည်းများက သတိပေးထားသည်။
ကုလသမဂ္ဂလက်အောက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ယခု Ebola ကူးစက်မှု၏ ပျံ့နှံ့နှုန်းနှင့် ကူးစက်မှုအရှိန်အဟုန်အပေါ် “အလွန်စိုးရိမ်မိကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုဖြစ်ပွားနေသော Ebola ဗိုင်းရပ်စ်မျိုးကွဲမှာ Bundibugyo strain ဖြစ်ပြီး ယင်းမျိုးကွဲအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးကြောင်း သိရသည်။
Ebola ရောဂါသည် ရောဂါပိုးရှိသူ၏ သွေး၊ ကိုယ်ခန္ဓာအရည်များနှင့် ထိတွေ့ခြင်းမှတဆင့် ကူးစက်နိုင်ပြီး အဖျားတက်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် သွေးယိုခြင်းကဲ့သို့ ပြင်းထန်သော လက္ခဏာများ ဖြစ်ပွားစေနိုင်သည်။
သတင်း - ရိုက်တာ
#အီဘိုလာ #ကူးစက်ရောဂါ #ကျန်းမာရေး #သတင်းထူးသတင်းဦး
See less

