အိန္ဒိယလူငယ်မျိုးဆက်သစ် Gen Z များကြား ကျော်ကြားလာသည့် ‘ပိုးဟပ်’ ပါတီ

အိန္ဒိယနိုင်ငံက လူငယ်မျိုးဆက်သစ် Gen Z တွေရဲ့ ‘ပိုးဟပ်’ ပါတီက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ရဲ့ ၁၂ နှစ်ကြာ အုပ်ချုပ်မှုကို အွန်လိုင်းမှာ အကြီးမားဆုံး ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ လူငယ်တွေ အကြောင်း ပြက်လုံးထုတ်ပြောဆိုမှုကို သရော်စာနဲ့ တုံ့ပြန်ခြင်းအားဖြင့် စတင်လိုက်ပါတယ်။
‘ပိုးဟပ်’ ပါတီကို တည်ထောင်သူဟာ အသက် အန္တရာယ်ကို ခြိမ်းခြောက်ခံခဲ့ရပြီး အာဏာရပါတီရဲ့ နိုင်ငံရေးသမားတွေဆီက ဆန့်ကျင်တာတွေကိုလည်း ခံခဲ့ရပါတယ်။
အသက် ၃၀ အရွယ် အဘီဂျစ်ဒီးပ်ကီနဲ့ သူ့ရဲ့ ပိုးဟပ်ဂျန်ဒါပါတီရဲ့ ကျော်ကြားမှုဟာ နိုင်ငံ့ လူဦးရေ ၁ ဒသမ ၄၂ ဘီလီယံရဲ့ ထက်ဝက်ကျော်ရှိတဲ့ အသက် ၃၀ အောက် လူငယ်တွေရဲ့ စိုးရိမ်မှုတွေကြောင့် ဖြစ်လာခဲ့တာပါ။
သူ့ပါတီဟာ ပျင်းရိပြီး အလုပ်လက်မဲ့ ဖြစ်နေပေမဲ့ စွဲစွဲမြဲမြဲ မှန်ကန်နေတဲ့ လူငယ်တွေကို ကိုယ်စား ပြုတယ်လို့ ဆိုပါတယ်။
အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ဓာတ်ငွေ့ရှားပါးမှုအပေါ် ပိုကျယ်ကျယ် ပြန့်ပြန့် စိတ်ပျက်တာတွေ တိုးလာပေမဲ့ မိုဒီရဲ့ ပါတီဟာ လတ်တလောမှာ ပြီးစီးခဲ့တဲ့ အဓိကပြည်နယ်ရွေးကောက်ပွဲတွေမှာ အောင်ပွဲတွေ ရခဲ့ပါတယ်။
ဒါပေမဲ့ ပိုးဟပ်ပါတီရဲ့ လူကြိုက်များမှုက မိုဒီရဲ့ ပုံရိပ်ကို စပြီး ထိခိုက်လာတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပရာရှန့် ဘူရှန်က “ဒီနိုင်ငံရဲ့ လူငယ်တွေကြားမှာ မကျေနပ်မှုတွေ အများကြီးရှိတယ်၊ အဲဒါကပဲ ပိုးဟပ်ဂျန်ဒါပါတီရဲ့ အံ့အားသင့်စရာ တိုးတက်မှုကို ပြနေတယ်” လို့ပြောပါတယ်။
သူဟာ ၂၀၁၁ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အမျိုးသားလှုပ်ရှားမှုရဲ့ တည်ထောင်သူ အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။
အသက် ၇၅ နှစ်အရွယ် မိုဒီဟာ အစိုးရရဲ့ အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ဆန္ဒပြပွဲကြီး တွေကြောင့် ၂၀၁၄ ခုနှစ်မှာ အာဏာရလာပြီးကတည်းက အိန္ဒိယနိုင်ငံရေးကို လွှမ်းမိုးထား နိုင်ခဲ့တာပါ။
ဒါပေမဲ့ လူငယ်အလုပ် လက်မဲ့နှုန်း မြင့်မားလာတာနဲ့ ကျောင်းသားသန်းပေါင်းများစွာရဲ့ အလုပ်အကိုင် တွေကို ထိခိုက်စေနိုင်တဲ့ စာမေးပွဲ မေးခွန်းတွေ ထပ်ခါတလဲလဲ ပေါက်ကြားမှုတွေက ဒီလှုပ်ရှားမှု အသစ်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။
တည်ငြိမ်မှုနဲ့ ထိန်းချုပ်မှုကို ဂရုတစိုက် ပြုစုပျိုးထောင်ထားတဲ့ မိုဒီရဲ့ပုံရိပ်မှာ အက်ကွဲကြောင်းတွေ ကို ဒီလှုပ်ရှားမှုက ညွှန်ပြနေပါတယ်။
CJP ရဲ့ လူကြိုက်များမှု မြင့်တက်လာလို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေမှာ အစိုးရ တွေကို ဖြုတ်ချခဲ့ တဲ့ Gen Z ဦးဆောင်တဲ့ အုံကြွမှုတွေနဲ့ နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ပိုးဟပ်ပါတီကို တည်ထောင်သူ ဒီးပ်ကီက ဒီလိုဆင်တူယိုးမှားတွေကို သတိပေးခဲ့ပါတယ်။ ပိုးဟပ်ပါတီ CJPရဲ့ နောက်လိုက် ၇၀ ရာခိုင်နှုန်းဟာ အသက် ၂၈ နှစ်အောက် ဖြစ်ပြီး ဘယ်ပါတီနဲ့မှ မပတ်သက်တဲ့ နိုင်ငံရေးနဲ့ မပတ်သက်သူတွေဖြစ်တယ်လို့ သူက ပြော ပါတယ်။
ငွေကြေးအင်အားနဲ့ ခိုင်မာတဲ့ပါတီတွေကို ရင်ဆိုင်ရတာ မလွယ်ကူဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒါ့အပြင်၊ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေမှာ သူ့ရဲ့ကိုယ်ပိုင်အန္တရာယ်တွေ ပါလာပါတယ်။ မိုဒီလက်ထက် မှာ အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေအတွက် အသက်အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေနဲ့အတူ ကြီးမားတဲ့ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ပါတယ်။
