တောင်ကြီးမြို့မှ ကျောင်းသူ မအိမ့်ချစ်သူ သုတစုံလင်ဗုဒ္ဓဝင် ဗဟိုအဆင့် ပထမဆုရရှိ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ Grade-9 ကျောင်းသူ မအိမ့်ချစ်သူသည် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ (ဗဟို) နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ အလယ်တန်းအဆင့် ပထမဆု ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတဝန်း တိုင်းနှင့် ပြည်နယ်အသီးသီးမှ အဆင့်ဆင့်ရွေးချယ်ခံထားရသော ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ခဲ့ကြသည်။ မအိမ့်ချစ်သူသည် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ကာ ပထမဆုနှင့်အတူ ဆုကြေးငွေကျပ် သိန်း ၁၀၀၀ ကို ရရှိခဲ့ခြင်းဖြစ်သည်။
အေးမြကရုဏာဓမ္မစကူးလ်မှ ဆရာတော် ဦးရေဝတ၏ မိန့်ကြားချက်အရ ပထမဆုရရှိရန် မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့်များအပါအဝင် အဆင့် ၈ ဆင့်နှင့် ကဏ္ဍ ၈ ခုကို ဖြတ်သန်းယှဉ်ပြိုင်ရကြောင်း သိရသည်။
ဗဟိုအဆင့် နောက်ဆုံးပြိုင်ပွဲကို မေလ ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် အပိုင်းလိုက် ကျင်းပခဲ့ပြီး စုစုပေါင်း ကဏ္ဍ ၈ ခုဖြင့် ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။
