ချင်းတွင်းမြစ် ရေနစ်ဖြစ်စဥ်မှ ဆယ်ကျော်သက် ၃ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ညောင်ပင်ကြီးရပ်ကွက်ရှိ ညောင်ပင်ကြီးဇက်ဆိပ်အနီး ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးခဲ့သည့် ဆယ်ကျော်သက်ကလေး ၃ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှသိရှိရပါတယ်။
မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ပထမဆုံး အလောင်း ၁ လောင်းကို တွေ့ရှိခဲ့ပြီး၊ ယနေ့ မတ်လ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ထပ်မံ၍ အလောင်း ၂ လောင်းကို ရေနစ်ပျောက်ဆုံးနေရာမှ မိုင်ဝက်ခန့်အကွာရှိ မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့တာပါ။

သေဆုံးသူများမှာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်များဖြစ်ကြပြီး၊ ရုပ်အလောင်းများကို မြန်မာနိုင်ငံလူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှ်ရပါတယ်။
ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ညနေပိုင်းတွင် ဆယ်ကျော်သက်ကလေး ၅ ဦးသည် ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားနေစဉ် ရေနစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အနီးရှိ စက်လှေသမားများ၏ အကူအညီဖြင့် ၂ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ကျန် ၃ ဦးမှာ ရေနစ်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
သတင်းနှင့်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့
