Logo
Saturday, April 11, 2026
Back to Home
Local News

တောင်ကြီးတွင် လမ်းပေါ်ကျနေသော မီးကြိုးနှင့်ထိမိကာ ကျောင်းသား ၂ ဦး သေဆုံး၊ ယနေ့သဂြိုလ်

By AdminMarch 24, 2026
တောင်ကြီးတွင် လမ်းပေါ်ကျနေသော မီးကြိုးနှင့်ထိမိကာ ကျောင်းသား ၂ ဦး သေဆုံး၊ ယနေ့သဂြိုလ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုဘက်ရှိ တောင်ကြီး–ပင်ငို လမ်းပိုင်းတွင် လမ်းပေါ်သို့ နိမ့်ကျကျနေသော လျှပ်စစ်မီးကြိုးတစ်ကြိုးကြောင့် လူငယ်ကျောင်းသား ၂ ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်သည် မတ်လ ၂၂ ရက် ညနေ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဗို့အားမြင့် မီးကြိုးတစ်ကြိုး လျော့ကျလာကာ မြေပြင်နီးပါးအထိ နိမ့်ကျနေခဲ့ကြောင်း သိရှိရပါတယ်။

ထိုအချိန်တွင် ဆိုင်ကယ်ဖြင့် လမ်းဖြတ်သန်းလာသည့် အသက် ၁၈ နှစ်အရွယ် G12 ကျောင်းသား ၂ ဦးမှာ မီးကြိုးကို မမြင်မိဘဲ ဝင်ထိမိသဖြင့် နေရာတွင်တင် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။

သေဆုံးသူများမှာ ပင်ငိုကျေးရွာမှ ခွန်ကျော်ထူးနှင့် ခွန်ဖြိုးအောင်တို့ ဖြစ်ပြီး နှစ်ဦးလုံး ကျောင်းတက်နေဆဲ လူငယ်များဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားစဉ်တွင် လျှပ်စစ်အား မဖြတ်သေးသည့်အတွက် အနီးရှိ ပြည်သူများက အန္တရာယ်ကြောင့် ချက်ချင်းဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားပြီး ယနေ့မတ်လ ၂၄ ရက်တွင် သင်္ဂြိုဟ်ခဲ့ပါတယ်။

ဒေသခံများကလည်း လမ်းမပေါ်ရှိ လျှပ်စစ်မီးကြိုးများကို အချိန်မီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ထောက်ပြပြောကြားခဲ့ကြပါတယ်။