မြေငလျင်ငယ် ၂ ကြိမ် လှုပ်ရှားခဲ့

ယမန်နေ့ (မတ်လ ၂၆ ရက်) ည (၉) နာရီ (၁၆) မိနစ် (၅၀) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံအတွင်း အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ မြေငလျင်သည် ဂန့်ဂေါမြို့ ၏ အရှေ့တောင်ဘက် (၂၁) မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ပြီး၊ ညောင်ဦး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၃) မိုင်ခန့်အကွာတွင် တိုင်းတာတွေ့ရှိခဲ့တာပါ။ မြေငလျင်၏ အင်အားမှာ မဂ္ဂနီကျု ၄.၂(M) ဖြစ်ပြီး အနက်မှာ (၄၃) ကီလိုမီတာခန့်ရှိကြောင်း သိရှိရပါတယ်။
ထို့အပြင် ယမန်နေ့ည (၇) နာရီ (၃၆) မိနစ်ခန့်တွင်လည်း မန္တလေးမြို့ အနီး၌ မြေငလျင်ငယ်တစ်ခု ထပ်မံ လှုပ်ရှားခဲ့ပါတယ်။ အဆိုပါမြေငလျင်သည် မန္တလေးမြို့၏ တောင်ပိုင်း၊ အမရပူရမြို့ အရှေ့ဘက်ရှိ ရတနာပုံတက္ကသိုလ် နယ်မြေအတွင်း ဖြစ်ပွားခဲ့ပြီး မြေအောက်အနက် (၆) မိုင်ခန့်တွင် မဂ္ဂနီကျု ၄.၁ အဆင့်ရှိကြောင်း သိရှိရပါတယ်။
ယင်းမြေငလျင်များမှာ အင်အားနည်းပါးသော်လည်း ဒေသခံများအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းတို့မှာ အင်အား မဂ္ဂနီကျု ၇.၇ ဖြင့်လှုပ်ခတ်ခဲ့သော ငလျင်ကြီးမှာ တစ်နှစ်တင်းတင်းပြည့်တော့မည်ဖြစ်၍ သတိပြုရန်လိုအပ်ကြောင်း မိုးဇလပညာရှင်များက ကြေညာထားပါတယ်။
ဓာတ်ပုံ - ၂၀၂၅ ခုနှစ် မတ် ၂၈ ကလှုပ်ခတ်ခဲ့သောငလျင်မှ ပျက်စီးမှုမြင်ကွင်း (Reuters)
