Logo
Saturday, April 11, 2026
Back to Home
Local News

ရန်ကုန်တွင် လက်မပြတ်တောက်မှုအား ခြေညှိုးဖြင့် အစားထိုးခွဲစိတ်မှု အောင်မြင်

By AdminMarch 21, 2026
ရန်ကုန်တွင် လက်မပြတ်တောက်မှုအား ခြေညှိုးဖြင့် အစားထိုးခွဲစိတ်မှု အောင်မြင်

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ခုတင်(၃၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ပြတ်တောက်သွားသော လက်မကို ခြေညှိုးဖြင့် အစားထိုး ခွဲစိတ်ကုသမှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်နိုင်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကံကြီးရွာနေ အသက် ၃၃ နှစ်အရွယ် ဦးသန့်ဇင်ဦးသည် ရိတ်ခြွေစက် ပြုပြင်နေစဉ် မူလီကြိုးကြောင့် ဝဲဘက်လက်မ ပြတ်တောက်ထိခိုက်ခဲ့ရာမှ ဖေဖော်ဝါရီ ၁၉ ရက်တွင် မြန်အောင်ပြည်သူ့ဆေးရုံ၌ ကနဦးကုသမှု ခံယူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ပြီး ဆက်လက်၍ ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံသို့ ထပ်မံလွှဲပြောင်းကာ အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ လူနာအား ဝဲဘက်လက်မအစား ယာဘက်ခြေညှိုးကို ရွှေ့ပြောင်း အစားထိုးခွဲစိတ်ခြင်းကို ပါမောက္ခ ဒေါက်တာကျော်သူထွန်း ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာခွဲစိတ်အဖွဲ့က မတ် ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ခဲ့တာပါ။

ခွဲစိတ်ပြီးနောက် (၈) ရက်မြောက်နေ့ဖြစ်သည့် မတ် ၁၂ ရက်တွင် အစားထိုးထားသော လက်ချောင်းသည် သွေးလည်ပတ်မှုကောင်းမွန်စွာဖြင့် ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဆေးရုံဘက်မှ ထုတ်ပြန်ထားပါတယ်။

ယင်းကဲ့သို့ ခြေညှိုးကို အသုံးပြု၍ လက်ချောင်းအစားထိုး ခွဲစိတ်ကုသမှုကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ၂၀၁၉ ခုနှစ်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း သိရှိရပါတယ်။

#ခွဲစိတ် #ကျန်းမာရေး #ရန်ကုန်ဆေးရုံကြီး #သတင်း